တစ်ချိန်က မြန်မာ့ရုပ်ရှင်လောက၏ အလှဧကရီတစ်ပါးဖြစ်ခဲ့တဲ့ မင်းသမီးနန္ဒာလှိုင်အကြောင်
တစေ့တစောင်း
မြန်မာ့ရုပ်ရှင်လောကတွင် စဝင်စဉ်ကတည်းကပရိသတ်အများစုက သူမ၏အလှအပနှင့်ပတ်သက်၍ အပြစ်ဟူသည်ရှာမတွေ့ခဲ့သလို မြန်မာ့ရုပ်ရှင်လောက၏အလှပဆုံး တော်ဝင်
မင်းသမီးအဖြစ်ပရိသတ်များ ၊မီဒီယာစာနယ်ဇင်းများကတက်ညီလက်လက်ညီထောက်ခံအားပေးခဲ့သောမင်းသမီးတစ်လက်ရှိခဲ့ဖူးသည်။ ‘
လှချင်ရက်စက်စက်ယို’ ဟုဆိုရလောက်အောင် သူမ၏မျက်လုံး မျက်ခုံးများက အင်မတန်ညှို့အားပြင်းသလို မျက်နှာအစိတ်အပိုင်းတခုချင်းကအစ ကိုယ်ခန္ဓာဖွဲ့စည်းပုံအဆုံး ပြစ်မျိုးမှဲ့မထင်လှသည့်မင်းသမီး ဖြစ်သည့်အတွက် မဂ္ဂဇင်းပိုစတာများတွင် သူမ၏သဏ္ဌာန်က တော်ဝင်နန်းထိုက်
မင်းသမီးလိုလိုဒဏ္ဍာရီဇာတ်လမ်းအချို့ထဲက နတ်သမီးလိုလိုမြင်ရသူတိုင်းကိုရင်သက်ရှုမောစေသည်။သရုပ်ဆောင်ပိုင်းအရကြည့်လိုက်လျှင်လည်း အနုပညာသက်တမ်းခဏလေးအတွင်းမှာတင် အကယ်ဒမီရွှေစင်ရုပ်ထုပိုင်ဆိုင်ခဲ့ပြီး နောက်ပိုင်းတွင်လည်းရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ဗီဒီယိုပေါင်းများစွာတွင် ပီပြင်သောဇာတ်ရုပ်မျိုးစုံဖြင့် ပရိသတ်ရင်ထဲတွင်နာမည်တစ်လုံးကိုခိုင်ခိုင်မာမာထူထောင်နိုင်ခဲ့သည်။သူမကတခြားမဟုတ် ရုပ်ရှင်လောကတွင်သာနာမည်ကြီးမင်းသမီးဖြစ်ရုံမက အိမ်ထောင်သည်ဘဝ မိခင်ဘဝအထိပါ အမျိုးသမီးထု၏ အားကျအတုယူစံထားရသောဘဝကိုပိုင်ဆိုင်ထားသည့်ထပ်ဆင့်အကယ်ဒမီနန္ဒာလှိုင်ဖြစ်သည်။
ငယ်စဉ်ဘဝနှင့် အနုပညာလုပ်ငန်းအစပျိုးခြင်း (၁၉၇၄-၁၉၉၅)
ထပ်ဆင့်အကယ်ဒမီ နန္ဒာလှိုင်ကို ၁၉၇၄ခုနှစ် မေလ ၂ ရက်တွင် ဖခင်ဦးချိန်ခိုင် မိခင်ဒေါ်ခင်လှတို့မှ မော်လမြိုင်မြို့တွင်မွေးဖွားခဲ့သည်။ မွေးချင်းလေးဦးအနက် ဒုတိယသမီးဖြစ်ပြီး ငယ်စဉ်ကမင်းသမီးဖြစ်ရန်မရည်ရွယ်သော်လည်း အလှဓာတ်ပုံရိုက်ကူးခြင်းကိုအထူးဝါသနာပါခဲ့သည်။တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မော်လမြိုင် အ.ထ.က (၆) မှ ၁၉၉၂ခုနှစ်တွင် အောင်မြင်ခဲ့ပြီး မော်လမြိုင်တက္ကသိုလ်တွင် ဓာတုဗေဒမေဂျာဆက်လက်တက်ရောက်ရာတက္ကသိုလ်ကရွေးချယ်သော Major Queen ဘွဲ့ရခဲ့သည်။
၁၉၉၃ ခုနှစ် ပထမနှစ်ကျောင်းသူဘဝတွင် မိခင်၏မိတ်ဆွေတစ်ဦးက သူမကို မဂ္ဂဇင်းမျက်နှာဖုံးရိုက်ကူးရန် ကမ်းလှမ်းခဲ့သည်။မဂ္ဂဇင်းထွက်ရှိပြီးချိန်တွင် နာမည်ကြီး photographer အောင်ထွန်းနိုင် (ပြည်မြန်မာ) က မျက်နှာဖုံးကိုမြင်ပြီး သူမ၏အလှကိုသတိထားမိကာ ပြက္ခဒိန်ရိုက်ကူးရန်ကမ်းလှမ်း
ခဲ့ရာ တက်တက်ကြွကြွရိုက်ကူးပေးခဲ့သည်။ထိုမှအစပြုကာ ဂျစ်ပိုဆပ်ပြာမှုန့်ကြော်ငြာတွင် မင်းသားဝေဠုကျော်နှင့် တွဲဖက်ရိုက်ကူးခွင့်ရခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကြော်ငြာမထုတ်လွှင့်ဖြစ်ခဲ့ပေ။ဆက်လက်၍ လေယာဉ်ပျံဓာတ်ခဲကြော်ငြာရိုက်ကူးခဲ့ရန် ပရိသတ်အနည်းငယ်သတိထားမိလာသည်။
ထိုကာလအတွင်း ဒါရိုက်တာမီးပွားက ရန်အောင်၊ ထွန်းအိနြ္ဒာဗိုတို့ခေါင်းဆောင်ပါဝင်မည့် ‘ညမင်းသား’ ရုပ်ရှင်ကားတွင် ဒုတိယမင်းသမီးနေရာကသရုပ်ဆောင်ရန်ကမ်းလှမ်းခဲ့သည်။အနုပညာလောကသို့ ရုပ်ရှင်ကားကြီးဖြင့်စတင်ဝင်ရောက်ရမည့်အတွက် သူမအနေနှင့် ညမင်းသားဇာတ်ကားအတွက်အစွမ်းကုန်ကြိုးစားပြင်ဆင်ခဲ့သော်လည်း ဇာတ်ကားရိုက်ကူးခါနီးမှ ကုမ္ပဏီဘက်မှ သူမ၏စကားသံမပီသသည့်အကြောင်းပြချက်ဖြင့်ပယ်ချကာ သူမနေရာတွင် မင်းသမီးသစ်မေမီလင်းနှင့်အစားထိုးရိုက်ကူးခဲ့သည်။မကြာမီအချိနိမှာပင် မေမီလင်းမှာအနုပညာလောကမှ ကွယ်ပျောက်သွားခဲ့သော်လည်း နန္ဒာလှိုင်မှာ မြန်မာပြည်၏ထိပ်
တန်းအကယ်ဒမီမင်းသမီးများအနက်တစ်ဦးဖြစ်လာခဲ့သည်။
အစောပိုင်းကာလအောင်မြင်မှု (၁၉၉၅-၁၉၉၉)
ညမင်းသားဇာတ်ကားတွင်သရုပ်ဆောင်ခွင့်မရသဖြင့် မျှော်လင့်ချက်ဝေးကွာသလိုဖြစ်ခဲ့ရသော နန္ဒာလှိုင်တစ်ယောက် မင်းသမီးမဖြစ်ဖြစ်အောင်ကြိုးစားမည်ဟူသောရည်ရွယ်ချက်ဖြင့် ကိုယ်တိုင်ပရိုဂျူဆာလုပ်ငွေထုတ်ရိုက်ကူးရန်ကြိုးစားခဲ့သေးသည်။သို့သော် တွဲဖက်သရုပ်ဆောင်မည့်မင်းသားများ ကိုကမ်းလှမ်းရာ မင်းသမီးသစ်တယောက်နှင့်သရုပ်မဆောင်ချင်တာကတစ်ကြောင်း၊ မင်းသားတစ်ချို့အနေနှင့် ရိုက်ကူးရက်မပေးနိုင်တာကတစ်ကြောင်းသူမ၏ရည်ရွယ်ချက်အထမမြောက်ခဲ့ပေသို့သော် သူမ၏အနုပညာလမ်းကြောင်းအတွက် ကံကောင်းထောက်မစွာပင် ဒါရိုက်တာမောင်မျိုးမင်း ထိပ်တန်းမင်းသား ဒွေး တို့က မြားနတ်ရှင်ဗီဒီယိုဇာတ်ကား၏ခေါင်းဆောင်မင်းသမီးနေရာတွင် နန္ဒာလှိုင်ကိုကမ်းလှမ်းခဲ့သည်။
၁၉၉၆ ခုနှစ်တွင် သူမတို့မိသားစု ရန်ကုန်သို့ပြောင်းရွှေ့နေထိုင်ပြီး နန္ဒာလှိုင်ကိုယ်တိုင်လည်း ရန်ကုန်တက္ကသိုလ်၌ ဒုတိယနှစ်ကိုဆက် ဆက်လက်တက်ရောက်ခဲ့သည်။ထိုစဉ်က သူမနှင့်ခေတ်ပြိုင်မင်းသမီးဖြစ်လာမည့် ခိုင်သင်းကြည်မှာ သူမနှင့်တက္ကသိုလ်တစ်ခုတည်း မေဂျာတစ်ခုတည်းမှာတက်ရောက်နေသလို Major Queen အဖြစ်သတ်မှတ်ခံထားရသူလည်းဖြစ်သည်။ထိုအချိန်တွင် ခိုင်သင်းကြည်မှာ ထက်ထက်မိုးဦးပြီးလျှင် ကြော်ငြာလောက၌အအောင်မြင်ဆုံးမင်းသမီးအဖြစ်သတ်မှတ်ခံထားရသော ထိပ်တန်းကြော်ငြာမင်းသမီးအဖြစ်သို့ရောက်ရှိနေပြီးဖြစ်သည်။ ခိုင်သင်းကြည်ကကြော်ငြာ
လောက၌ဦးစွာနေရာရခဲ့သော်လည်း ရုပ်ရှင်၌နန္ဒာလှိုင်ကပို၍စီနီယာကျသလို အရင်ဦးစွာအောင်မြင်မှုရရှိခဲ့သည်ဟုဆိုနိုင်သည်။သို့ဖြစ်၍ နောက်ပိုင်းသူမတို့နှစ်ဦးတွဲဖက်သရုပ်ဆောင်သောဇာတ်ကားတိုင်းတွင် နန္ဒာလှိုင်၏နာမည်ကို ရှေ့ကရေးထိုးသည်ကိုတွေ့နိုင်သည်။ (ဥပမာ – ကိုယ်တိုင်ရေးရာဇဝင် ၊ ကဝေပျို၏ပစ္စုပ္ပန်)မြားနတ်ရှင်ဗီဒီယိုဇာတ်ကားကို၁၉၉၆ခုနှစ်တွင်စတင် ရိုက်ကူးခဲ့ပြီး အစပိုင်းတွင် နန္ဒာလှိုင်အနေဖြင့် ရုပ်ရှင်နှင့် အစိမ်းသက်
သက်ဖြစ်သဖြင့် စိုးရိမ်မှုများရှိသော်လည်း ဒါရိုက်တာမောင်မျိုးမင်း၊ တွဲဖက်မင်းသားဒွေးအပါအဝင် ရိုက်ကူးရေးအဖွဲ့သားများ၏ကူညီပံ့ပိုး
မှုဖြင့် အခက်အခဲမရှိ ရိုက်ကူးမှုပြီးစီးခဲ့သည်။
ထို့ကြောင့်နန္ဒာလှိုင်က နောက်ပိုင်းအင်တာဗျူးအတော်များများတွင် မောင်မျိုးမင်း ၊ ဒွေး နှင့် ဝေဠုကျော်တို့ကိုသူမ၏လက်ဦးဆရာများဟုဖြေကြားခဲ့သည်။ အနုပညာလမ်းကြောင်းအခက်အခဲများကြားမှ မင်းသမီးတစ်လက်ဖြစ်လာခဲ့သော နန္ဒာလှိုင်မှာအနုပညာနှင့်ပတ်သက်၍အတော်ပင်အောက်သက်ကျေခဲ့သူဟုဆိုနိုင်သလိုအောင်မြင်သောမင်းသမီးဖြစ်လာချိန်တွင်လည်း ဘဝမမေ့သော ကျေးဇူးသိတတ်သောမင်းသမီးတစ်လက်အဖြစ်မီဒီယာအများစုကနောင်တက်မင်းသမီးငယ်များနှင့်နှိုင်းယှဉ်ဖော်ပြလေ့ရှိသည်။
မြားနတ်ရှင်ဇာတ်ကားထွက်ရှိပြီးချိန်တွင် ပရိသတ်များ၏လက်ခံအားပေးမှုအများအပြားရရှိခဲ့သလို သူမ၏ထူးခြားသောအလှမှာလည်အမျိုးသားပရိသတ်များအတွက် ဆွဲဆောင်မှုတစ်ခုဖြစ်ခဲ့သည်။ထို့အပြင် ၁၉၉၇ခုနှစ် တွင်ထုတ်လွှင့်ခဲ့သော ရန်အောင်နှင့်တွဲဖက်သရုပ်ဆောင်ထားသည့် ‘စွန်ညီနောင် စွန်မင်း’ ကြော်ငြာကလည်း သူမကိုတဟုန်ထိုးနာမည်ရစေခဲ့သည်။၁၉၉၀စုနှောင်းပိုင်းတွင် ရုပ်ရှင်၊ ဗီဒီယိုနှင့် ကြော်ငြာကမ်းလှမ်းမှုများဆက်တိုက်ရရှိခဲ့ပြီး မာယာရထား ၊ ရင်ခွင်နန်းတော်စသည့် နာမည်ကြီးဇာတ်ကား အများစုတွင် သရုပ်ဆောင်ရင်းထိပ်တန်းမင်းသမီးငယ်တစ်လက် အဖြစ်အောင်မြင်မှုရရှိခဲ့သည်။နန္ဒာလှိုင်၏အစောပိုင်းဇာတ်ကားအများစုတွင် ရိုးသားဖြူစင်သော သနားစရာကောင်းသော မိန်းကလေးဇာတ်ရုပ်များ ဖြင့်ပရိသတ်လက်ခံအားပေးခဲ့ပြီး သူမ၏အေးချမ်းတည်ငြိမ်သောအလှမှာလည်း အဆိုပါဇာတ်ကောင်များနှင့်အတော်ပင်အံဝင်ခွင်ကျဖြစ်သည်ကိုတွေ့ရသည်။သူ့ကျွန်မခံပြီ ၊ ချစ်ခြင်းကိုမခွဲပါနဲ့ ၊ ရင်ခွင်နန်းတော် ဇာတ်ကားများတွင် ဒုတိယမင်းသမီးအဖြစ်သရုပ်ဆောင်ခဲ့ပြီးနောက် ၁၉၉၈ခုနှစ်တွင် ရန်အောင်၊ စိုးမြတ်သူဇာတို့နှင့်တွဲဖက်သရုပ်ဆောင်သော ရွှေနံ့သာစံအိမ်ဇာတ်ကားဖြင့် သူမဘဝ၏ပထမဆုံးအကယ်ဒမီအမျိုးသမီးဇာတ်ပို့ဆုကိုရရှိခဲ့သည်။အသက်ငယ်ငယ်ရွယ်ရွယ် အနုပညာသက်တမ်းတစ်ခဏလေးအတွင်းမှာပင် အကယ်ဒမီဆုရှင်ဖြစ်လာခဲ့သော နန္ဒာလှိုင်မှာ ယခင်ကထက်ပို၍ ဇာတ်အိမ်ခိုင်သောဇာတ်ကားကောင်းများ၌ ခေါင်းဆောင်မင်းသမီးအဖြစ်သရုပ်ဆောင်ခွင့်ရခဲ့သည်။၁၉၉၉ခုနှစ်အတွင်း တောင်တန်းနှင့်တူသောယောကျာ်းများ… မြူနှင်းတို့ထာဝရဝေ…အချစ်အိမ်ကလေး စသည့်ရုပ်ရှင်ကားများ၌သရုပ်ဆောင်ခဲ့ပြီး အဆိုပါဇာတ်ကားများအနက် လွင်မိုးနှင့်သရုပ်ဆောင်သောအချစ်အိမ်ကလေး ဇာတ်ကားမှာ နန္ဒာလှိုင်၏ပထမဆုံး မင်းသမီးအသားပေးဇာတ်ဖြစ်သလို၁၉၉၉ခုနှစ်အကယ်ဒမီအတွက်အမျိုးသမီးဇာတ်ဆောင်ဆုတစ်ကြိုပေးခြင်းခံခဲ့ရသည်။၁၉၉၉ခုနှစ်နှစ်ကုန်တွင် ပေါ်ပြူလာဂျာနယ်ကရွေးချယ်သော မြန်မာ့ရုပ်ရှင်လောက၏အနုပညာလောကသားများ၊ ပရိသတ်များ၏ဆန္ဒမဲကောက်ခံခဲ့ရာ နန္ဒာလှိုင်ကို ခင်သန်းနုပြီးလျှင် မြန်မာပြည်၏ဒုတိယအလှဆုံးမင်းသမီးအဖြစ်ရွေးချယ်ခဲ့သည်။