မြန်မာ့ရုပ်ရှင်လောကမှာ မင်းသမီးတစ်ခေတ်ကို ခိုင်ခိုင်မာမာ ထူထောင်နိုင်ခဲ့တဲ့ အကယ်ဒမီ မင်းသမီးကြီး ဒေါ်နွဲ့နွဲ့မူရဲ့ ဘဝဇာတ်ကြောင်း
အကယ်ဒမီ မင်းသမီးကြီး ဒေါ်နွဲ့နွဲ့မူ ကို (၁၉၅၀) ခုနှစ် ၊ သြဂုတ်လ၊ (၁၈) ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်၊ မိခင်ဖြစ်သူ မင်းသမီးကြီး အကယ်ဒမီ ဒေါ်သိန်းရှင်၊ အဒေါ်ဖြစ်သူ မင်းသမီးကြီး ထပ်ဆင့်အကယ်ဒမီ ကြည်ကြည်ဌေးတို့ရဲ့ အနုပညာမျိုးဆက်ပါတဲ့ သူဟာ (၁၉၇၀) ပြည့်နှစ်များမှာ မြန်မာ့ရုပ်ရှင်ရဲ့ Mega Star တစ်ယောက် ဖြစ်ခဲ့ပြီး မင်းသမီးတခေတ်ကို ပီပီပြင်ပြင် ထူထောင်နိုင်ခဲ့သူပါ ။
နွဲ့နွဲ့မူ လို့ ပြောလိုက်ရင် မြန်မာရုပ်ရှင်ချစ် ပရိသတ်များ အနေနဲ့ အလွမ်းအားသန်တဲ့ မင်းသမီးတစ်လက်၊ ဒရာမာ ဇာတ်လမ်းတွေမှာ ရင်တနင့်နင့်ဖြစ်စေရမယ့် သရုပ်ဆောင်ချက်တွေ ၊ လက်ဖျားခါလောက်တဲ့ မျက်လုံးသရုပ်ဆောင်ချက်တွေနဲ့ ထူးထူးခြားခြား ဆွဲဆောင်မှုရှိတဲ့ အသံကို ပြေးမြင်မိမှာပါပဲ၊ သူက ရုပ်ရည် ၊ ကိုယ်လုံးကိုယ်ပေါက် အရမ်းလှတဲ့ မင်းသမီးမဟုတ်ပေမဲ့ သူ့ရဲ့ သဘာဝကျတဲ့ သရုပ်ဆောင်ချက်တွေက ခေတ်ပြိုင်မင်းသမီးတွေ အားလုံးထဲမှာ အနုပညာအရည်အချင်းအရ အထူးချွန်ဆုံး မင်းသမီးတစ်လက် အဖြစ် ပရိသတ်ကို လက်သင့်ခံစေခဲ့တာ အမှန်ပါ ။
အသက် (၁၅) နှစ်အရွယ်မှာ မေတ္တာမိုးမြေ ဇာတ်ကားနဲ့ ရုပ်ရှင်လောကထဲကို စတင်ဝင်ရောက်ခဲ့တဲ့ သူဟာ (၁၉၇၀) ခုနှစ်မှာ လူငယ်အနုပညာရှင်တွေရဲ့ ဆန်းသစ်တဲ့ အနုပညာဖန်တီးမှုတစ်ခုဖြစ်တဲ့သမန်းကျား ရုပ်ရှင်ဇာတ်ကား ၊ (၁၉၇၂) ခုနှစ်မှာ အမျိုးသားသရုပ်ဆောင် လုံးဝမပါဝင်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်သမိုင်းရဲ့ထူးခြားဇာတ်ကားတစ်ကားလို့ ပြောရမယ့် မေတ္တာစိမ်းစိမ်း ရုပ်ရှင်ဇာတ်ကားတွေကစလို့ ပရိသတ်အားပေးမှုကို ရရှိခဲ့ပြီး (၁၉၇၀) စုကို ဦးဆောင်နိုင်ခဲ့တဲ့ မင်းသမီးတစ်လက် ဖြစ်လာခဲ့ပါတယ် ။
(၁၉၇၄) ခုနှစ်မှာ ကရင်တိုင်းရင်းသူ သူနာပြုဆရာမကလေး အဖြစ် သရုပ်ဆောင်ခဲ့တဲ့ နော်ကူးမ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အောင်မြင်မှု ထိပ်တန်းရောက်ခဲ့ပါတယ် ။ နောက်ပိုင်း ဆယ်စုနှစ် တစ်ခုစာအထိ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ ဇာတ်ဆောင် ၊ ဇာတ်ပို့ အနေနဲ့ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် အလေးထားသရုပ်ဆောင်ခဲ့တဲ့ သူဟာ နှစ်တိုင်းလိုလို အကယ်ဒမီ တစ်ပေးခံရတဲ့ ဇာတ်ကားပေါင်း မြောက်များစွာ ထွက်ရှိခဲ့ပြီး အကယ်ဒမီ ကံခေလှတဲ့ အတွက် ထပ်ဆင့်အကယ်ဒမီဆုရှင် မဖြစ်ခဲ့ရပေမယ့် ပရိသတ်များရဲ့ မေတ္တာအကယ်ဒမီကိုတော့ အကြိမ်ကြိမ်ရရှိခဲ့သူ ဖြစ်ပါတယ် ။
ဘဝရဲ့ ကြမ်းတမ်းတဲ့ အနိမ့်အမြင့် အတက်အကျတွေ ၊ လောကဓံတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ရင်း အနုပညာသည်ပီသစွာနဲ့ပဲ ၂၀၁၁ ခုနှစ် ၊ ဇွန်လ ၁၃ရက် အသက် (၆၁)နှစ် အရွယ်မှာ ခရစ်တော်၌ အိပ်ပျော်ခဲ့ပေမယ့် ခုလက်ရှိ အချိန်မှာ ရုပ်ရှင်ချစ်ပရိသတ်များစွာဟာ သူ့ရဲ့ သရုပ်ဆောင်မှုစွမ်းရည် ၊ သူ့ရဲ့ ရုပ်ရှင်များနဲ့ ပတ်သက်လို့ တသသပြောနေ ၊ တသသလွမ်းဆွတ်နေကြဆဲဖြစ်ပါတယ် ဆိုပြီးတော့ရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။
ကူးယူဖော်ပြခွင့်မပြု !!!!!!!!!