Local News

အသက် 80 ကျော်အထိ ဘဝကိုခက်ခဲစွာ ဖြတ်သန်းနေရတဲ့ အဘွားဒေါ်ခင်မြင့်

ရန်ကုန်မြို့တစ်ဖက်ကမ်းကနေ နေ့တိုင်းအသွားအပြန် မော်တော်ဘုတ်လေးစီးပြီး စျေးလာရောင်းနေတဲ့အဖွားတစ်ယောက်ရှိပါတယ်။အဖွားကအသက် ၈၀ကျော်ပြီး နာမည်ကတော့ ဒေါ်ခင်မြင့်ဖြစ်ပါတယ်။အဖွားမှာ အတူနေသားနဲ့ချွေးမရှိပြီး နှစ်ယောက်လုံးလေဖြတ်ထားတဲ့အတွက်အဖွားကဘဲ စျေးရောင်းပြီး ရှာဖွေကျွေးမွေးနေရပါတယ်။

အဖွားက မနက် ၅နာရီခွဲအိမ်ကထွက်ပြီး ရာသီပေါ်သီးနှံလေးတွေနဲ့ ကြက်ဥစတာလေးတွေကို လမ်းမတော် ၁၈ လမ်းကို သွားရောက်ရောင်းချပါတယ်။တစ်ခါတစ်လေလဲရောင်းရသလို တစ်ခါတစ်လေလဲ ရောင်းမကောင်းလို့ ညမိုးချုပ်မှ မော်တော်နဲ့ကမ်းကူးပြီးအိမ်ပြန်ရတာတွေလဲရှိပါတယ်။အဖွားက စုမိသမျှပိုက်ဆံလေးတွေကို နေမကောင်းတဲအခါ ဆေးကုဖို့နဲ့ ဓါတ်စာလေးစားဖို့ ကြိုးစားရှာနေတာလဲဖြစ်ပါတယ်။အဖွားဟာ အလှုအတန်းလဲရက်ရောသူဖြစ်ပြီး ရသမျှပိုက်ဆံလေးတွေကို ဘုန်းကြီးကျောင်းမှာလှုဒါန်းပါတယ်။

အဖွားဟာ ပထွေးဖြစ်သူရဲ့ရန်ကိုကြောက်လို့ အသက်၁၇နှစ်မှာအိမ်ထောင်ကျခဲ့ပါတယ်။ အဖွားက သားသမီး ၅ယောက်ရှိသော်လည်း သားသမီးကံမကောင်းတဲ့အတွက် အထောက်အပံ့မရပါဘူး။သားသမီးများနှင့်အတူနေခဲ့ဖူးသော်လည်း အိမ်ပေါ်မှနှင်ချခံခဲ့ရတဲ့အတွက် အဖွားဟာ အသိမိတ်ဆွေများအိမ်မှာအတော်ကြာနေခဲ့ရပါသေးတယ်။ဒါပေမယ့်အဖွားဟာ စိတ်ဓါတ်မကျဘဲ တစ်ယောက်ထဲ ကြိုးစားရှာဖွေကာ ဘဝကိုရှေ့ဆက်နေသူလဲဖြစ်ပါတယ်။

“အဘွားသားသမီးတွေက တစ်ယောက်မှ အဘွားအပေါ်မကောင်းကြဘူး အဲ့တာတွေပြောရင် စိတ်နာတယ် အခုလည်း လေဖြတ်နေတဲ့ သားနဲ့ချွေးမကို အဘွားက လုပ်ကျွေးနေတာ ကိုယ့်အပေါ်မကောင်းခဲ့ပေမယ့် အဘွားပြစ်မထားရက်ပါဘူး တစ်ခါတစ်လေစိတ်ဓာတ်ကျရင် မြန်မြန်သေပါရစေလို့ ဆုတောင်းမိတယ် အဘွားဘဝကသိပ်ဆိုးပါတယ်”လို့ပြောပြပါတယ်

သားသမီးကံမကောင်းပေမယ့် စိတ်ကောင်းရှိတဲ့အဖွားဟာ ဈေးရောင်းရင်းမကျန်းမမာဖြစ်တဲ့အခါ ဘေးကလူတွေက ဝိုင်းဝန်းစောင့်ရှောက်ရင်း ဆေးရုံဆေးခန်းပို့ပေးကြပါတယ်။


ပရိတ်သတ်ကြီးလဲ လမ်းမတော် ၁၈လမ်းဘက်ရောက်တဲ့အခါ အဖွားကိုတွေ့ရင် အဖွားရောင်းချနေတာလေးတွေ အားပေးရင်း တစ်ဖက်တစ်လမ်းက ကုသိုလ်ယူနိုင်ကြပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *