FootBall

တစ်ခါစားဖူးပြီးရင် နောက်တစ်ခါမစားရမနေနိုင်တဲ့ သမန်းတောထမင်းကြော်

ဒီဆိုင်လေးကတော့ မြင်းခြံမြို့နယ် သမန်းတောရွာဇာတိဖြစ်တဲ့ ဦးတင်မောင်ဝင်းဆိုသူက လွန်ခဲ့တဲ့ နှစ် (၂၀) ဝန်းကျင်လောက်မှာ စတင်ဖွင့်လှစ်ခဲ့တာပါ။ ငယ်စဉ်က အလုပ်မျိုးစုံကို လုပ်ခဲ့ဖူးသူဖြစ်ပြီး ဝါသနာပါတဲ့ ထမင်းဟင်းချက်ရောင်းတဲ့အလုပ်ကို လုပ်ဖို့ စိတ်ကူးမိရာကနေ ဆိပ်ကမ်းသာလမ်းမှာ သမန်းတောထမင်းကြော်ဆိုင်ဆိုပြီး စတင်ဖွင့်လှစ်ခဲ့တာပါ။

“ စစချင်းကတော့ ဆိပ်ကမ်းသာလမ်းမှာရောင်းတာ၊ ပေ ၂၀ ပေ ၄၀ လောက်ရှိတဲ့ မြေကွက်လပ်ပေါ်မှာ တဲကြီး ထိုးပြီးတော့ လယ်တောထဲမှာ စားရတဲ့ ပုံစံမျိုး လုပ်ထားတာပေါ့။ အဲဒါနဲ့ ဆိုင်ဖွင့်တာ (၁၅) နှစ်လောက်ကြာတော့ ရောင်းတဲ့နေရာက အဆင်မပြေတော့ ထမင်းရောင်းတဲ့အလုပ်ကို ခဏနားခဲ့တာပေါ့။ ” လို့ ဆိုင်ရှင် ဦးတင်မောင်ဝင်းက ဆိုပါတယ်။၁၅ နှစ်ကြာ ရောင်းခဲ့ရတဲ့ ဆိပ်ကမ်းသာလမ်းက နေရာလေးကို ယာယီပိတ်ထားခဲ့ပြီးနောက် အဌားယာဉ်မောင်းတဲ့အလုပ်နဲ့ မိသားစုကိုရှာကျွေးနေရင်း ဆိုင်လေးပြန်ဖွင့်နိုင်ဖို့ ကြိုးစားရင်း (၇) နှစ်လောက်အကြာမှာတော့ သာကတေ အဝိုင်းနားမှာ သမန်းတောထမင်းကြော်ဆိုင်လေးကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။တက္ကစီမောင်းလိုက်တာ (၇) နှစ် ကြာသွားတယ်။ မောင်းရင်းနဲ့ ဒီနားမှာ ဂိတ်ထိုးရင်း ဒီနေရာတစ်ဝိုက်မှာ ထမင်း၊ ဟင်း၊ စားကောင်းတဲ့ဆိုင် သိပ်မတွေ့ဘူး။ ကိုယ့်ပါးစပ်နဲ့ မထိဘူးပေါ့နော်။ အဲဒါနဲ့ ကိုယ့်လက်ငုတ်လက်ရင်း အလုပ်ဖြစ်တဲ့ ထမင်းကြော်ရောင်းတဲ့အလုပ်ကို ပြန်လုပ်မယ်ဆိုပြီး ဒီနေရာလေးမှာ ဆိုင်ထပ်ဖွင့်လိုက်တာ အခုဆို ၂ နှစ်ရှိပါပြီ” လို့ ဆိုပါတယ်။ဒီဆိုင်လေးကတော့ သာကေတမြို့နယ်၊ ကမာကြည်တံတာအဆင်း ၊ သာကေတအဝိုင်းအနီး YOMA Bank ရှေ့တည့်တည့်မှာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်ဆို ၆ နာရီကနေ ၈ ခွဲ ထိတစ်ကြိမ်၊ ညနေ ၅ နာရီကနေ ၉ ခွဲထိ တစ်ကြိမ်ဖွင့်လှစ်ထားပါတယ်။ ထမင်းကြော်အိအိလေးပေါ်မှာ ဟင်းအနှစ်လေးဆမ်းပြီး နူးအိနေတဲ့ အသားဟင်းလေးတွေနဲ့ တွဲဖက်စားချင်သူတွေအတွက် သမန်းတောထမင်းကြော်ဆိုင်လေးကတော့ အသင့်တော်ဆုံးဖြစ်မှာပါ။ ဒါကြောင့်မို့ ထမင်းကြော်အရသာကောင်းကောင်းလေးစားချင်သူတွေအတွက် ဒီဆိုင်လေးကို တစ်ခါလောက်တော့ စားကြည့်ကြဖို့ ညွှန်းပေးလိုက်ပါတယ်နော်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *