FootBall

မုန့်တစ်ခု(၁၅) ပြားနဲ့စရောင်းခဲ့တဲ့ နှစ် (၃၀) သက်တမ်းရှိ ဘိန်းမုန့်၊ခေါက်မုန့်ဆိုင်လေး

ဘိန်းမုန့်၊ ခေါက်မုန့်၊ ရေမုန့် ၊ လမ်းသရဲမုန့်စတဲ့ မြန်မာ့မုန့်ကောင်းကောင်းလေးတွေကို ဈေးတန်တန်နဲ့စားချင်သူတွေအတွက် သာကေတမြို့နယ်အတွင်းက မုန့်ဆိုင်လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဆိုင်လေးက လွန်ခဲ့တဲ့ နှစ် (၃၀) လောက် က သာကေတ (၈)ထိပ်မှတ်တိုင်အနီး၊ စံပယ်လမ်းထိပ်မှာပဲ အုတ်နီခဲလေး သုံးလေးလုံးလောက်ချပြီး ခေါက်မုန့်၊ ရေမုန့်လေးတွေ စတင်ရောင်းခဲ့တာပါ။ ဆိုင်ရှင် ဒေါ်ကြီးက သာယာဝတီ၊ သုံးဆယ်မြို့ဇာတိဖြစ်ပြီး အမျိုးသားဖြစ်သူနဲ့ အကြောင်းပါကာ ရန်ကုန်မှာအခြေချနေထိုင်ရင်းနဲ့ ဒီမုန့်ဆိုင်လေးကို ရောင်းခဲ့တာပါ။အန်တီ အသက် (၃၀) လောက်က စရောင်းတာပါ။ အိမ်ထောင်ကျပြီး ကလေးတစ်ယောက်ရလာတော့ ယောကျာ်းအလုပ်ကလည်း သိပ်အဆင်မပြေ၊ ကိုယ်တတ်တဲ့ပညာလေးနဲ့ မုန့်ရောင်းမယ်ဆိုပြီး စခဲ့တာပါ။ အခုဆို အန်တီ အသက် (၆၀) ကျော်ပြီ။ ” လို့ ဆိုပါတယ်။လွန်ခဲ့တဲ့ နှစ် (၃၀) ကျော် ဒီမုန့်လေးတွေကို စတင်ရောင်းချစဉ်တုန်းက မုန့်တစ်ခုကိုမှ (၁၅) ပြားပါ။ တစ်ချို့ဖောက်သည်တွေဆို ဆိုင်စဖွင့်ကတည်းက အားပေးခဲ့တာ အခုထိပါပဲ။ကလေးလေးတွေ ငယ်ငယ်လေးကတည်းက လာစားကြတာ။  အခုဆို အရွယ်ရောက်ကုန်ကြပြီ။ ဒေါ်ကြီးကတော့ ဒီနေရာလေးမှာဆက်ရောင်းတုန်းပဲ။ တစ်ချို့ဖောက်သည်တွေဆို နိုင်ငံခြားသွားပြီး နှစ်တွေကြာ ပြန်လာတော့  ဒေါ်ကြီးဆိုင်မှာ တကူးတက လာဝယ်စားကြတုန်း” လို့ ဆိုပါတယ်။ဒီဆိုင်မှာ ရနိုင်တာက ထောပတ်ဘိန်းမုန့်၊ ခေါက်မုန့်၊ ရေမုန့်နဲ့ လမ်းသရဲမုန့်ပါ။ မုန့်တွေက စားလိုက်ရင် ချိုချိုအီအီမဖြစ်စေဘဲ အရသာအနေတော်လည်းဖြစ်တာကြောင့်လည်း စားသုံးသူတွေအကြိုက်တွေ့စေပြီး နှစ် (၃၀) ကျော်တိုင်အောင် မပြောင်းလဲဘဲရှိနေတဲ့ဆိုင်လေးပါ။ အဓိကကတော့ ထန်းညက်၊ ဆန် ၊ ပဲပြုတ် တို့ကို အဓိကထားသုံးတာပေါ့။ မုန့်လုပ်တဲ့အခါ ဆော်ဒါလေးထည့် ဆားထည့် ပုံမှန်လေးပဲ လုပ်သွားတာပါ။ အရသာကတော့ အန်တီပဲ စပ်တာပေါ့။ ဘိန်းမုန့်လုပ်ရင် ထန်းညက်အရမ်းရွေးတယ်။ ထန်းညက်ကောင်းမှ ဘိန်းမုန့်အရသာလည်းကောင်းမှာ။ ဒါကြောင့် အန်တီဆို ကျောက်ပန်းတောင်းထန်းညက်ကိုသုံးတာ။  အန်တီ့ဆိုင်က မုန့်က တစ်ခါစားဖူးပြီးရင် နောက်နေ့ရောက်အောင် လာစားကြတာ။ အန်တီတို့ ရပ်ကွက်အပြင် တစ်ခြားရပ်ကွက်တွေကပါ လာစားကြတယ်” လို့ ဆိုပါတယ်။ဈေးရောင်းရတာဝါသနာပါသူတစ်ယောက်ဖြစ်တာကြောင့် ဒီမုန့်ဆိုင်လေးကို ကျန်းမာရေးကောင်းတဲ့အထိ ဆက်ရောင်းနေဦးမယ်လို့ ဆိုပါတယ်။ ဒီမုန့်ဆိုင်လေးက ရောင်းရတဲ့ ဝင်ငွေနဲ့ ဈေးဖိုး၊ ဆေးဖိုး ဖြေရှင်းနိုင်တာကြောင့်လည်း ကိုယ့်ဝင်ငွေလေးအပေါ် ကျေနပ်နေသူပါ။အပိုအလျှံတော့မရပေမယ့် ကိုယ့်ဈေးဖိုး၊ဆေးဖိုးမပူရတော့ အဆင်ပြေတာပေါ့။ အန်တီက ဈေးမရောင်းရရင် ကျန်းမာရေးမကောင်းသလို ခံစားရတယ်။ ဒါကြောင့် ကျန်းမာတဲ့အထိ ဆက်ရောင်းမှာ။ တစ်နေ့ကိုလည်း ၃ သောင်းကနေ ၅ သောင်းဖိုးလောက်ထိ ရောင်းရတယ်။ မိုးတွင်းနဲ့ ဆောင်းတွင်းဘက်ဆို ပိုရောင်းရတယ်” လို့ ဆိုင်ရှင်ဖြစ်သူက ဆိုပါတယ်။ဒီဆိုင်လေးက သာကေတမြို့နယ်၊ (၇) ရပ်ကွက်၊ (၈) ဂိတ်မှတ်တိုင်အနီး၊ အောင်သပြေလမ်းနဲ့ စံပယ်လမ်းထိပ်မှာဖြစ်ပြီး မနက် (၅) နာရီမှ (၈) နာရီအထိဆိုရင် ဘိန်းမုန့်ရနိုင်ပြီး နေ့လယ် (၁) နာရီမှ ညနေ (၅) နာရီအထိဆိုရင် ခေါက်မုန့်၊ ရေမုန့်နဲ့ လမ်းသရဲမုန့်တို့ ရနိုင်ပါတယ်။ ဈေးနှုန်းတွေကတော့ တစ်ခုကို (၂၅၀) ကျပ်နဲ့ လေးခုကိုမှ (၁,၀၀၀ ) ကျပ်သာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဈေးချိုပြီး အရသာရှိတဲ့ မြန်မာမုန့်ကောင်းကောင်းစားချင်သူတွေအတွက် ဒီမုန့်ဆို်ငလေးကို လာရောက်အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *