FootBall

ပြည်ပရောက်မြန်မာတွေပါအလွမ်းပြေမှာစားရတဲ့ မူလလက်ဟောင်းသိမ်းသန်းဦးထောပတ်ဘိန်းမုန့်

မြန်မာ့ရိုးရာအစားအစာတစ်မျိုးဖြစ်တဲ့ ဘိန်းမုန့်ကိုတော့ မြန်မာလူမျိုးတိုင်းကြိုက်နှစ်သက်ကြပါတယ်။ ရန်ကုန်မြို့မှာ နေရာအနှံ့ ဘိန်းမုန့်ဆိုင်လေးတွေအများအပြားတွေ့ရပြီး အခုမိတ်ဆက်ပေးချင်တဲ့ ဘိန်းမုန့်ဆိုင်လေးကတော့ ရန်ကင်းမြို့နယ်မှာရှိတဲ့ မူလလက်ဟောင်း သိမ်းသန်းဦးထောပတ်ဘိန်းမုန့်ဆိုင်လေးပဲ ဖြစ်ပါတယ်။သိမ်းသန်းဦးထောပတ်ဘိန်းမုန့် ဆိုင်လေးကိုတော့ (၁၉၉၅)ခုနှစ်က စတင်ကာ ရန်ကင်းမြို့နယ် ၁၂လုံးတန်းမီးပွိုင့် အနီးမှာ ဖွင့်လှစ်ရောင်းချခဲ့တာဖြစ်ပါတယ်။ဒီဘိန်းမုန့်ဆိုင်လေးဟာ နှစ်(၃၀)နီးပါးတိုင်အောင် ရပ်တည်နိုင် တဲ့အထိ

စားသုံးသူ ဖောက်သည် အခိုင်အမာရရှိထားတဲ့ ဆိုင်လေးပါ။ စားဝတ်နေရေးအတွက် စတင်ခဲ့တဲ့ အလုပ်လေးဖြစ်ပေမယ့် အလုပ်ကို စေတနာပါပါနဲ့ ဂရုတစိုက် လုပ်ဆောင်ခဲ့တာ တွေကြောင့် စားသုံးသူတွေ ကြားမှာနာမည်ရလာပြီး မြန်မာမုန့် ကြိုက်နှစ်သက်သူတွေ တကူးတက လာရောက်စားသုံးကြရတဲ့ ဘိန်းမုန့် ဆိုင်လေးလည်းဖြစ်ပါတယ်။

“ဒီဆိုင်လေးဖွင့်တာက (၂၇)နှစ်လောက်ရှိပြီ။ ဘိန်းမုန့်စရောင်းဖြစ်တာက စားဝတ်နေရေးအတွက် အလုပ်လေး လုပ်မယ် လို့စဉ်းစားရင်းနဲ့ ရောင်းဖြစ်သွားတာ၊ အဲ့ဒီတုန်းကကိုယ်ဝန်ကြီးနဲ့ဆိုတော့ ကလေးမွေးတဲ့အခါ အဆင် ပြေချင်တော့ ဘိန်းမုန့်ရောင်းမယ်ဆိုပြီး စဉ်းစားရင်း ဘိန်းမုန့်သင်ပေးတဲ့ဆရာဆီမှာသင်တာပေါ့။ ကိုယ်လုပ်တဲ့ မုန့်ကို အမြဲစားကြည့်တယ်။ မကောင်း ကောင်းအောင်အမြဲလုပ်တာ ။ အဲ့ဒါကြောင့် စားသုံးသူတွေက အသိအ မှတ်ပြုပြီး အခုလိုလေး အောင်မြင်လာတာပါ”လို့ ဒေါ်သဇင်ကပြောပါတယ်။ဒီထောပတ်ဘိန်းမုန့်လေးရဲ့ စားကောင်းရတဲ့ လျှိူ့ဝှက်ချက်လေးကတော့ မုန့်ရည်စပ်ရာမှာ မုန့်ကို အချဉ်မဖောက်ဘဲ လတ်လတ်ဆတ်ဆတ် လုပ်တာကြောင့်ဖြစ်ပါတယ်။ ဒီလိုလုပ်ကိုင်တာကြောင့် မုန့်က အေးသွားချိန်မှာတောင် မာမာကြီးဖြစ်မနေဘဲ နူးညံပြီးစားကောင်းတာဖြစ်ပါတယ်။

“အန်တီက ပါ၀င်ပစ္စည်းတွေအားလုံးကို သဘာဝအတိုင်း ရိုးရိုးလေးပဲလုပ်တယ်။ မုန့်နှစ်အတွက်ဆို မုန့်ဆန်ကို ညထဲကကြိုလုပ်ပြီး အချဉ်မဖောက်ထားဘူး။ မနက်မှ မုန့်ကြိတ်တယ်။ ပြီးမှမုန့်နှစ်ရည်စပ်ပြီးလုပ်တာ ဆိုတော့ မုန့်နှစ်အရည်ရဲ့လတ်ဆတ်မှုရှိတာကြောင့် စားကောင်းတာထင်တယ်။ အချိုအတွက် ဆိုလည်း ထန်းညက်ရဲ့ သဘာဝအချိုကိုပဲ သုံး တယ်။ ဆေးသကြားတွေဘာတွေလုံးဝမသုံးဘူး။ အန်တီမုန့်ကို စိတ်ချလက်ချ စားသုံးလို့ရပါတယ်”လို့ ဒေါ်သဇင်ကပြောပါတယ်။အရသာကောင်းလွန်းတဲ့ ထောပတ်ဘိန်းမုန့်လေးကို ပြည်တွင်းကစားသုံးသူဖောက်သည်တွေသာမက ပြည်ပက ဖောက်သည်တွေကပါ တကူးတကမှာယူစားသုံးကြပါတယ်။ ပြည်တွင်းကသူတွေ ပြည်ပနိုင်ငံတွေသွားရောက် တဲ့အခါမှာလည်း ဝယ်သွားတတ်သလို ပြည်ပမှာနေထိုင်သူတွေကိုလည်း ဆွေမျိုးမိတ်ဆွေတွေက လက်ဆောင်ထည့်ပေးရတဲ့အထိ အောင်မြင်မှုရရှိနေတဲ့ ထောပတ်ဘိန်းမုန့်လေးပါ။

“ အန်တီမုန့်လေးက တစ်ရက်လောက်အထားခံတယ်။ ဘာမှမဖြစ်ဘူး၊ အဲ့ဒါကြောင့်ထင်တယ် ။ တစ်ချို့တွေက နိုင်ငံခြားပို့ဖို့ဆိုပြီး လာဝယ်ကြတယ်။ ပြီးခဲ့တဲ့ရက်ကပဲ ဖောက်သည် တစ်ယောက်ဆို ကိုရီးယားပို့ဖို့ ဆိုပြီး ဘိန်းမုန့်လာဝယ်သွားတယ်လို့”ဒေါ်သဇင်ကကျေနပ်ပီတိဖြစ်ဖွယ် ပြောပါတယ်။ဒီထောပတ်ဘိန်းမုန့်ဆိုင်၀င်ငွေလေးနဲ့ပဲ သားတွေကို ဘွဲ့ရပညာတတ်ဖြစ်အောင်ပံ့ပိုးနိုင်ခဲ့တယ်လို့လည်း ဒေါ်သဇင်က ပြောပါတယ်။ဒေါ်သဇင်ရဲ့ အမျိုးသားနဲ့သားကြီးဟာ အရင်က ကားမောင်းကြပေမယ့် လက်ရှိ မှာတော့ဒီဘိန်းမုန့်ဆိုင်လုပ်ငန်းမှာပဲ မိသားစုတွေစုစုစည်းစည်းနဲ့ လုပ်ကိုင်နေကြတာပါ။

ထောပတ်ဘိန်းမုန့်ဆိုင်လေးရဲ့ ဈေးနှုန်းနဲ့တည်နေရာ

သိမ်းသန်းဦး ထောပတ်ဘိန်းမုန့်ဆိုင်လေးကိုတော့ ဖွင့်လှစ်ခါစက (၁၀၀)ဖိုးကို ဘိန်းမုန့်(၇)ချပ် နဲ့ရောင်းချခဲ့တာပါ။ ဒါပေမယ့် ခေတ်ကာလအလိုက် စျေးနှုန်းပြောင်းလဲရတာကြောင့် လက်ရှိမှာတော့ ထောပတ်ဘိန်းမုန့်တစ်ချပ်ကို (၆၀၀)ကျပ် ၊ မုန့်ပြားသလက်တစ်ချပ်(၆၀၀) ကျပ်၊ ကြက်ဥထောပတ်ဘိန်းမုန့်(၉၀၀)ကျပ် ၊ယိုစုံထောပတ်ဘိန်းမုန့်(၈၀၀)ကျပ်နဲ့ မုန့်ကြာစိကြော် တစ်ချပ်(၄၀၀)ကျပ်ဖြစ်ပါတယ်။ ဆိုင်နေရာလေးကတော့ ရန်ကင်းလမ်းမကြီး၊(၁၂)လုံးတန်းမီးပွိုင့်အနီးမှာ ဖြစ်ပြီး မနက် (၈) နာရီက ညနေ (၆) နာရီထိ ဖွင့်လှစ်ထားပါတယ်။ မြန်မာမုန့်ကောင်းကောင်း ကြိုက်နှစ်သက်သူတွေ အတွက် အကြိုက်တွေ့စေမယ့်ဆိုင်လေးမို့ ဒီဘိန်းမုန့်ဆိုင်လေးကို ညွှန်းပေးလိုက်ပါတယ်နော်။
MyanmCelebrit

Leave a Reply

Your email address will not be published.