Local News

သက်သာတဲ့ဈေးနဲ့ တစ်အိမ်ထောင် ဆန်တစ်အိတ်နှုန်း ရောင်းချပေးမည်၊ တန်းစီဖို့ ပြင်ထားကြပါ

ရန်ကုန်မြို့မှာ ဩဂုတ် ၃ ရက်ကစတင်ပြီး သက်သာတဲ့ဈေးနှုန်းနဲ့ တစ်အိမ်ထောင်ကို ဆန်တစ်အိတ်နှုန်း ရောင်းချ ပေးသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ကသိရပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများအသင်း၊ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)၊ ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်) တို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရောင်းချပေးမယ့် ဈေးနှုန်းတွေကတော့ ဧရာဝတီပေါ်ဆန်းတစ်အိတ်ကို ကျပ် ၅၂,၀၀၀ ကနေ ကျပ် ၅၅,၀၀၀ ကြား၊ ကြားပျံတစ်အိတ်ကို ကျပ် ၅၅,၀၀၀ ကနေ ကျပ် ၆၀,၀၀၀ ကြား၊ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ကျပ် ၇၅,၀၀၀ ကနေ ကျပ် ၇၇,၀၀၀ ကြား၊ ရက် (၉၀) အမျိုးအစား တစ်အိတ်ကို ကျပ် ၃၅,၀၀၀ ကနေ ကျပ် ၃၇,၀၀၀ ကြား ရောင်းချပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ဩဂုတ် ၃ ရက်ကစတင်ပြီး ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)၊ ဝါးတန်းဆိပ်ကမ်းနယ်မြေမှာ နေ့စဉ်မနက် (၉) နာရီ ကနေ ညနေ (၃) နာရီခွဲအထိ ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အခုရောင်းပေးမယ့် ဈေးနှုန်းတွေဟာ ပြင်ပလက်လီပေါက်ဈေးထက် အတိုင်းအတာတစ်ခုအထိ လျော့နည်းသက်သာတာကိုလည်း တွေ့ရပါတယ်။ရန်ကုန် ဆန်စျေးကွက်ထဲမှာ ရွှေဘိုပေါ်ဆန်းဆန် ရှားပါးလာမှုနဲ့အတူ လက်လီစျေးကွက်မှာဆိုရင် ၂၄ ပြည်ပါ ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်ကို ကျပ် ၉၀၀၀၀ (ကိုးသောင်း) လောက်ထိ စျေးတက်လာတယ်လို့ ဆန်ဆိုင်တွေဆီကနေ သိရပါတယ်။ရွှေဘိုပေါ်ဆန်းစျေးတွေက ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်က ကျပ် ၆ သောင်းခွဲကနေ ၇ သောင်းဝန်းကျင်မှာရှိခဲ့ပေမယ့် ဇူလိုင်လအတွင်း ဆန်စျေးတွေတရိပ်ရိပ်တက်လာခဲ့ကာ ဇူလိုင်နောက်ဆုံးအပတ်မှာတော့ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ကျပ် ၈၀၀၀၀ ကနေ ၉၀၀၀၀ အထိ ရှိလာခဲ့တယ်လို့ သိရပါတယ်။

ရွှေဘိုပေါ်ဆန်းစျေးတက်တာဟာ ရွှေဘိုဒေသတွင်းမတည်ငြိမ်မှုတွေကြောင့် တောင်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် စပါးစိုက်ဧကတွေနည်းလာတာ၊ ဒေါ်လာစျေးနဲ့ စက်သုံးဆီစျေးကြီးမြင့်တာ၊ ဓာတ်မြေသြဇာနဲ့ သွင်းအားစုစရိတ်ကြီးမြင့်လာတွေကြောင့် စျေးတက်ခဲ့တယ်လို့ သိရပါတယ်။အခြားဒေသထွက်ဆန်တွေကလည်း ရွှေဘိုပေါ်ဆန်းနည်းတူ စျေးတွေတက်လာခဲ့ပြီး အခုရက်ပိုင်း ဧရာဝတီရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ကျပ် ၆၉၀၀၀၊ ပုသိမ်ပေါ်ဆန်းတစ်အိတ်ကို ကျပ် ၆၇၀၀၀၊ ဖျာပုံပေါ်ဆန်းတစ်အိတ်ကို ကျပ် ၆၃၀၀၀ နဲ့ မြောင်းမြပေါ်ဆန်းတစ်အိတ်ကို ကျပ် ၆၅၀၀၀ မှာရှိနေပြီး ဆင်းသုခရှယ် တစ်အိတ်ကို ၄၆၀၀၀၊ ဇီယာတစ်အိတ်ကို ၄၃၀၀၀ နဲ့ ရက်၉၀ မြောင်းမြ တစ်အိတ်ကို ကျပ် ၄၈၀၀၀ မှာရှိနေတယ်လို့ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ဆန်ဆိုင်ကနေ သိရပါတယ်။လက်ရှိ ပြည်တွင်းဆန်စျေးမြင့်တက်နေတဲ့အတွက် ဆန်စျေးကျဖို့ ကုန်သည်တွေနဲ့ညှိနှိုင်းပြီး ဖြစ်သင့်တဲ့စျေးနှုန်းနဲ့ ရောင်းချအောင် လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published.