FootBall

ဈေးရောင်းရဝင်ငွေတစ်ခုတည်းနဲ့ အိမ်(၄)လုံးပိုင်အောင်ကြိုးစားခဲ့တဲ့ ပဒေသာလမ်းဆုံမုန့်ဟင်းခါး

တောင်ဥက္ကလာ ပဒေသာလမ်းဆုံမုန့်ဟင်းခါးဆိုင်ကတော့ ရန်ကုန်မြို့ရဲ့ နာမည်ကျော်မုန့်ဟင်းခါးဆိုင်တစ်ခုပါ။ မုန့်ဟင်းခါးဆိုင်ဖွင့်တဲ့သက်တမ်းကအခုဆို (၄၅) နှစ်နီးပါးရှိလာပြီးဖြစ်ပြီး ပဒေသာလမ်းဆုံ မုန့်ဟင်းခါးရယ်လို့ လက်ရှိအချိန်ထိ နာမည်ကျော်ကြားနေဆဲဖြစ်ပါတယ်။ပဒေသာလမ်းဆုံမုန့်ဟင်းခါးကို မိဘတွေလက်ထက်ကတည်းက စရောင်းခဲ့တာဖြစ်ပြီး မိဘတွေရဲ့ လက်ငုပ်လက်ရင်း အလုပ်လို့ ဆိုရမှာပါ။


လက်ရှိဆိုင်ကို ဦးစီးနေသူ ဒေါ်ချို (၈) နှစ်သမီးအရွယ်ကတည်းက သူ့မိဘတွေက အိမ်ရှေ့လေးမှာ မုန့်ဟင်းခါးဆိုင်လေးစဖွင့်ခဲ့တာလို့သိရပါတယ်။“ငယ်ငယ်ကတည်းက မိဘလက်ငုပ်လက်ရင်းလည်းဖြစ်တယ်။ မိဘတွေကလည်း သေချာသင်ပေးခဲ့တယ်။ ဒီအလုပ်ကို ကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်တာပေါ့။ အဓိကကတော့ ငါကျောင်းပြီးရင် မုန့်ဟင်းခါးရောင်းမယ်ဆိုတဲ့ စိတ်ပဲရှိတယ်။ အဲဒါနဲ့ ဒီမုန့်ဟင်းခါးရောင်းတဲ့အလုပ်ကိုပဲ ဇောက်ချလုပ်ကိုင်ခဲ့တာပါ။ အန်တီ (၈) နှစ်သမီးအရွယ်တည်းကဆိုတော့ အခုဆို နှစ် (၄၀)ကျော်လာပြီ” လို့ ပဒေသာလမ်းဆုံမုန့်ဟင်းခါးဆိုင်ရှင် ဒေါ်ချိုက ပြောပါတယ်။မိဘတွေလက်ထက်တုန်းက ဒီမုန့်ဟင်းခါးဆိုင်လေးကိုအိမ်ရှေ့လေးမှာပဲ ခုံလေးခင်းပြီး စဖွင့်ခဲ့ပါတယ်။ အဲဒီနောက် တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာလမ်းဆုံက ညောင်ပင်ကြီးအောက်က လမ်းဘေးမှာ ပြောင်းရွှေ့ရောင်းချခဲ့ပြီးနောက် ရောင်းကောင်းလွန်းတာကြောင့် ဆိုင်ခန်းလေးဌားပြီး ဆိုင်ခန်းလေးနဲဖွင့်လှစ်ရောင်းချနိုင်ခဲ့ပါတယ်။“အလုပ်တစ်ခုကို ဇွဲရှိရှိနဲ့ တစိုက်မတ်မတ်လုပ်တော့ ဒီအလုပ်လေးက အောင်မြင်ခဲ့တယ်။


အဲဒါနဲ့ပဲ နောက်ဆုံးတော့ အန်တီတို့နေခဲ့တဲ့ မိဘအမွေဆိုင်အိမ်လေးကို ပြန်ဝယ်နိုင်ခဲ့တယ်။ အဲဒီအိမ်လေးမှာ မုန့်ဟင်းခါးဆိုင်လေး ဆက်ဖွင့်တယ်။ နဂိုဌားထားတဲ့ ဆိုင်ကလည်း ဆက်ဖွင့်တော့ ဆိုင် (၂) ဆိုင်ဖြစ်သွားတာပေါ့” လို့ ဒေါ်ချိုက ဆက်လက်ရှင်းပြပါတယ်။ဒီဆိုင်မှာ မုန့်ဟင်းခါးကို အကြော်စုံ၊ အိုးဘဲဥ၊ ငါးဖယ်၊ရာသီချိန်ဆို ငါးသလောက်ဥ တို့နဲ့ ရနိုင်ပြီး ဈေးနှုန်းကတော့ အကြော်နဲ့တစ်ပွဲကို (၁၂၀၀) ကျပ်ပါ။ ဒါ့အပြင် ငါးဖယ်အစာသွပ်၊ အချိုပွဲအနေနဲ့ ကောက်ညှင်းထုပ်၊မုန့်ဖက်ထုပ်တို့လည်းရနိုင်ပါတယ်။ ဆိုင် (၂) ဆိုင်ရှိပြီး တောင်ဥက္ကလာပမြို့နယ် မေတ္တာလမ်းနဲ့ သုမင်္ဂလာလမ်းတို့မှာ ဖွင့်ထားပါတယ်။ မေတ္တာလမ်းဆိုင်ကတော့ မနက် (၆) နာရီကနေ နေ့လယ် (၁၀) နာရီခွဲထိ တစ်ချိန်၊ နေ့လယ် (၁) နာရီကနေ ည (၈) နာရီအထိ တစ်ချိန် ဖြစ်ပြီး သုမင်္ဂလာလမ်းက ဆိုင်ကတော့နေ့ခင်း (၁၂) နာရီလောက်ကနေ ည (၈) နာရီအထိ ဖွင့်လှစ်ထားတာပါ။
MyanmarCelebrity

Leave a Reply

Your email address will not be published.