ထမင်းတစ်ပွဲကို တစ်ကျပ် ပြား ၂၀ ခေတ်ကတည်းက ရောင်းချလာပြီး ယနေ့အထိ စားသုံးသူတွေကြားမှာ နာမည်ကြီးနေဆဲဖြစ်တဲ့ ထမင်းဆိုင်လေး တစ်ဆိုင်နဲ့ မိတ်ဆက်ပေးပါမယ်။ BOCမမူ ထမင်းဆိုင်ဆိုရင် မသိတဲ့သူ မရှိလောက်အောင် နာမည်ကြီးတဲ့ ထမင်းဆိုင်လေးဟာ အခုဆိုရင် သက်တမ်း ၃၈ နှစ်ရှိလာခဲ့ပါပြီ။
ဒီဆိုင်လေးကို မမူက မိဘတွေရှိစဉ်ကတည်းက အတူလုပ်ကိုင်ခဲ့ကြတာဖြစ်ပြီး ထမင်းကြော်ဆိုင်ရဲ့ ဘေးမှာဖွင့်လှစ်ထားတဲ့ BOC ကုန်စုံဆိုင်နဲ့ ဆိုင်မှာရောင်းတဲ့ အပျိုချောလေး မမူမူခင်ကို မမူလို့ ခေါ်ကြရာကနေ BOC မမူ ထမင်းကြော်ဆိုင် နာမည်တွင်လာရတာပါ။ နှစ်တွေ ကြာလာခဲ့ပြီးနောက် အခုဆိုရင် စားသုံးသူတစ်ချို့ကတော အပျိုကြီး မမူထမင်းကြော်လို့လည်း ခေါကြပါတယ်။
” အစ်မ (၁၅) နှစ်သမီးထဲက မိဘတွေနဲ့အတူ ဒီဆိုင်လေးလုပ်ခဲ့တာပေါ့နော်။ အခုဆို မိဘတွေတောင် မရှိကြတော့ဘူး။ အစ်မနာမည် မူမူခင်ကို မမူလို့ ခေါ်ကြ ရင်း မမူထမင်းဆိုင်လို့ နာမည်တွင်လာတာပေါ့နော် ။ BOC ဆိုတာကတော့ ဟိုဘက်က ကုန်စုံဆိုင်ပေါ့။ အဲဒါနဲ့တွဲပြီး BOC မမူထမင်းကြော်ဆိုင်ဆိုပြီး သိကြတယ်” လို့ မမူက ပြောပါတယ်။မမူဆိုင်ရဲ့ ထူးခြားချက်ကတော့ ဟင်းအမယ် အများကြီးမရှိပါဘူး။ အသီးအရွက်နဲ့ပတ်သက်တဲ့ဟင်းတွေ မရနိုင်ပါဘူး။ ဆိုင်ရဲ့ နာမည်အကြီးဆုံးကတော့ ဝက်သားဟင်းပါ။ ဝက်သားကို ဆီနည်းနည်း အရည်ကျဲကျဲချက်ထားတဲ့ ဝက်ချိုဟင်းက မမူဆိုင်ရဲ့ လူကြိုက်အများဆုံးဟင်း ဖြစ်ပါတယ်။
” ဟင်းအမျိုးအမယ် နည်းနည်းကိုပဲ ကောင်းကောင်းချက်ပြီး အရေအတွက် များများရောင်းတယ် ။ အသီးအရွက်တွေတော့ မရဘူး။ ချဉ်ပေါင်ကြော်တောင် စားတဲ့လူတွေက အရမ်းမေးလွန်းလို့ အခုနောက်ပိုင်းမှ ရောင်းပေးဖြစ်တာပေါ့နော် ။ အဓိက အစ်မဆိုင်စားတာ ဝက်သားဟင်းပေါ့။ ကြက်သွန်နီမပါဘူး အဖြူနဲ့ဂျင်းနဲ့ပဲ ချက်ထားတာ။ တစ်ချို့ဆို အစ်မကို ဘယ်လိုလေးချက်လဲ မေးကြတယ်။ အစ်မကတော့ ကြက်သား ၊ ဝက်သား ၊ အမဲသားတွေ ဘယ်လိုချက်တယ်ဆိုတာ ပြောပြပါတယ် ” လို့ မမူက ပြောပါတယ်။မမူထမင်းကြော်ဆိုင်ကို အားပေးတဲ့ စားသုံးသူတွေကတော့ ရပ်ကွက်နေသူတွေထက် အဝေးကနေကို သပ်သပ်လာစားတဲ့သူတွေ ပိုများပါတယ်။
ဒါ့အပြင် မမူထမင်းကြော်ဆိုင်က ထမင်းကြော်နဲ့ဟင်းကို Food Panda ကနေလည်း မှာစားနိုင်ပါတယ်။ဆိုင်စဖွင့်စဉ်ကာလတုန်းကတော့ တစ်နေ့ကို ဆန် (၅) ပြည်လောက်ကနေ စခဲ့ပေမယ့် အခုဆို တစ်နေ့ကို ဆန်(၂၄) ပြည်ကျော်တဲ့အထိ ရောင်းရတဲ့ မမူထမင်းကြော်ဆိုင် ဖြစ်လာခဲ့တာပါ။
” အစ်မဆိုင်ကို ရပ်ကွက်ကလူတွေထက် အဝေးကနေကို သပ်သပ်လာစားကြတဲ့လူ ပိုများတယ်ပေါ့နော်။ အရင်ကတော့ night out ကြတဲ့လူငယ်တွေ၊ လူလတ်ပိုင်းတွေနဲ့ မိုးချုပ်တဲ့အထိ အလုပ်လုပ်ကြရတဲ့သူတွေ ၊ ဘားတွေ ကလပ်တွေက ပြန်တဲ့သူတွေ စားကြတယ်။အဲဒါကြောင့် အရင်ကဆို ညနေမှ ထွက်တာ ည ၂နာရီ ၃နာရီလောက်အထိ ဆိုင်ဖွင့်တာ ။ ထမင်းဖြူတောင်မရောင်းဘူး။ ထမင်းကြော်သီးသန့်ပဲ ။ အခုမှ နေ့လယ်ဖွင့်တော့ ထမင်းဖြူတောင်းဆိုကြလို့ ရောင်းဖြစ်တာ။ Food Panda ကလည်း လာချိတ်တော့ Delivery ကတော့ အဲဒါနဲ့ ရတယ် ” လို့ မမူက Duwun ကို ပြောပါတယ်။မမူထမင်းကြော်ဆိုင်ကတော့ လှိုင်မြို့နယ် ၊ ဘူတာရုံလမ်း (လှိုင်မြစ်လမ်း)ထဲမှာ ဖွင့်လှစ်ထားတာ ဖြစ်ပြီး BOC မမူထမင်းကြော်ဆိုင်ဆိုရင် လူတိုင်းသိကြပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နေ့လယ် (၁၂) နာရီကနေ ည(၁၀) နာရီအထိဖွင့်လှစ်ထားပြီး ထမင်းကြော်ကို ဘဲဥဟင်းနဲ့ (၉၀၀) ကျပ် ၊ အသားဟင်းတွေနဲ့ဆိုရင်တော့ ကျပ် (၂,၀၀၀) ကနေ ( ၂,၈၀၀) ကျပ်အထိ ကျသင့်နိုင်ပါတယ်။ ထမင်းကြော်အပြင် မမူလက်ရာ အသင့်စား အရံဟင်းဘူးတွေပါ ရရှိနိုင်တာမို့လို့ မြည်းစမ်းချင်တဲ့ Duwun ပရိသတ်တွေအတွက် လမ်းညွှန်ပေးလိုက်ပါတယ်။
MyanmarCelebrity