FootBall

ဈေးတန်ပြီး လူအမြဲစည်တဲ့ ဦးရှည်ကြီးရဲ့ ၁၅၀၀ တန် ထမင်းပေါင်း

ဒီဆိုင်လေးရဲ့ အမည်က “ဦးရှည်ကြီး ထမင်းပေါင်းဆိုင်”ပါ။ ဆိုင်မဖွင့်ခင်က ဆရာသမားတွေဆီမှာ ပညာသင်ရင်း အလုပ်လုပ်ခဲ့ရတဲ့ နှစ်က (၅) နှစ်ကျော်ရှိပြီး ကိုယ်ပိုင်ဆိုင်လေးနဲ့ ရပ်တည်လာတာ (၁၅) နှစ်ရှိနေပါပြီ။ မိသားစု (၆) ဦးရဲ့ စားဝတ်နေရေးကို ထမင်းပေါင်းဆိုင်လေး ဖွင့်ရင်းနဲ့သာ ရပ်တည်ခဲ့တာလို့ သိရပါတယ်။ 


“ တကယ်တော့ ထမင်းပေါင်းဆိုင်ကို ဖွင့်ခဲ့တာက (၁၉)လမ်းက ဦးအာကျယ်၊ ဘားလမ်းက ဦးခင်မောင် နဲ့ မင်္ဂလာဈေးက ဦးဖက်တီး ဆိုတဲ့ ဆရာသမား(၃)ယောက်ဆီမှာ ပညာသင်ယူပြီးတော့ သူတို့တွေဆီကနေ ကိုယ်တတ်သမျှပညာတွေကို ပေါင်းစပ်ပြီး ပြန်ဖွင့်ခဲ့တာပေါ့နော်။ အရင်တုန်းကတော့ သူများဆိုင်မှာပဲ အကြော်ဆရာအနေနဲ့ ပညာသင်ရင်း အလုပ်လုပ်ခဲ့တာပါ။

အခုတော့ ကိုယ်ပိုင်ဆိုင်လေးဖွင့်ဖြစ်တာ (၁၅) နှစ်ကျော်လာပြီ။ ” လို့ ဆိုင်ရှင် ဦးစန်းယု(ခေါ်) ဦးရှည်ကြီးက ပြောပါတယ်။ ရှည်ကြီး ထမင်းပေါင်းဆိုင်မှာ ထမင်းပေါင်းတစ်ပွဲကို (၁၅၀၀) ကျပ် ၊ အခေါက်ကင်သုပ်၊ အသားကင်သုပ်တို့ကို တစ်ပွဲ (၂၀၀၀) ကျပ်နဲ့ သွားရောက်အားပေးလို့ရပါတယ်။ အရသာကောင်းပြီး လူကြိုက်များတဲ့ ထမင်းပေါင်းဆိုင်လေးကို ငွေကြေးအခက်အခဲကြောင့် ဆိုင်ခွဲထပ်မဖွင့်နိုင်သေးဘူးလို့ ဆိုပါတယ်။ “ ဆိုင်မှာ အရင်တုန်းက ထမင်းပေါင်း တစ်ပွဲကို (၁၂၀၀) နဲ့ရောင်းတာ အခု (၁၅၀၀) ဖြစ်သွားတာ တစ်လလောက်ပဲ ရှိပါသေးတယ်။ ကျန်တာတော့ (၂၀၀၀) ပေါ့။ တစ်နေ့ရောင်းအားကတော့ (၃)သိန်းဖိုးလောက်တော့ ရောင်းရပါတယ်။

ဆိုင်ခွဲတွေ မဖွင့်နိုင်သေးတဲ့ အကြောင်းက လူခွဲမရှိသေးတာရယ်၊ ဝန်ထမ်းတွေ ရှာရမယ့် အချက်ရှိမယ်၊ ပြီးတော့ ငွေရေးကြေးရေး အခက်အခဲလောက်နဲ့ ဆိုင်ဖွင့်လို့ရနိုင်မယ့် နေရာလေး ရှာရဦးမှာလည်း ရှိသေးတော့ အချိန်ကြာမှာဖြစ်တဲ့အတွက် မဖွင့်ဖြစ်သေးတာပါ” လို့ သိရပါတယ်။ ဦးရှည်ကြီးထမင်းပေါင်းဆိုင်လေးကတော့ ဒဂုံလွင်လမ်း နဲ့ ကမ္မဌာန်းလမ်းထိပ်(ရထားသံလမ်းအနီး)၊ မေတ္တာညွှန့် ရပ်ကွက်၊ တာမွေမြို့နယ် မှာပါ။ ရပ်ကွက်အတွင်းက ဆိုင်နဲ့အနီးဆုံး လမ်းတွင်းက မှာယူစားသုံးသူတွေကို ဆိုင်ဝန်ထမ်းကနေ တဆင့် ပို့ပေးတာဖြစ်ပြီး Online က‌နေ မှာယူဖို့အတွက်တော့ ဝန်ဆောင်မှု မရသေးဘူးလို့ သိရပါတယ်။

Leave a Reply

Your email address will not be published.